ဂန့်ဂေါ စက်တင်ဘာ ၁၇
ဂန့်ဂေါမြို့၊ ရွှေပြည်ဆိပ်ဦး စေတီတော်အနီး သာသနာ့ဗိမာန်ပုရိဝဏ်တွင် စေတနာရှင်များ၏ အားဖြင့် ဇူလိုင်လလယ်မှစတင်ကာ အောက်ဆီဂျင်စက်ရုံကို ဂန့်ဂေါမြို့နယ် အောက်ဆီဂျင် စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဆောက်လုပ်ခဲ့သည်။
စက်ရုံမှာ အလျား ၄၅ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး သမံတလင်းခင်းဖြင့် ဆောက်လုပ်ထားသည့်အပြင် ကားအဝင်လမ်း၊ အထွက်လမ်းသမံတလင်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားပြီး စက်တန်ဘိုးမပါ ခန့်မှန်းကုန်ကျစရိတ် ၃၅၀ သိန်းခန့်ရှိသည်ဟု သိရသည်။
မြို့မ၊ မြို့ဖအလှူရှင်များ စုပေါင်းဝယ်ယူသည့် ၂၄ နာရီတွင် ၄၀ လီတာ ၈၀ လုံးခန့် ထွက်ရှိသည့် စက်မှာ စက်တင်ဘာ ၁၈ ရက်ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့ လှူဒါန်းသည့် ၂၄ နာရီတွင် ၄၀ လီတာ ၂၀၀ လုံးထွက်ရှိနိုင်သည့် အောက်ဆီဂျင်စက်မှာ စက်တင်ဘာ ဒုတိယပတ်တွင်ရောက်ရှိကာ စက်ရုံလည်ပတ်မှုကို စက်တင်ဘာ ၁၃ ရက်တွင် စမ်းသပ်လည်ပတ်ကာ ၅ နာရီမောင်း တစ်နာရီနားစနစ်ဖြင့် လည်ပတ်နေပြီဖြစ်သည်။
အဆိုပါ စက်ရုံလည်ပတ်နေမှုကို ဂန့်ဂေါခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့်အဖွဲ့သည် ယမန်နေ့က သွားရောက်ကြည့်ရှု၍ မကွေးမြို့မှ အောက်ဆီဂျင်စက် ကျွမ်းကျင်သူများနှင့် ဒေသမှ ဆောင်ရွက်မည့် အဖွဲ့များပူးပေါင်း၍ စက်ရုံလည်ပတ်ရေး လေ့ကျင့်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
လက်ရှိတွင် တစ်ရက်လျှင် တစ်နာရီတွင် ၄၀ လီတာ ၅ လုံးနှုန်းဖြင့် တစ်ရက်လျှင် အောက်ဆီဂျင် အိုးပေါင်း ၁၀၀ လုံးထုတ်လုပ်လျက်ရှိပြီး စေတနာရှင်များလှူဒါန်းသည့် စက်ရောက်ရှိ တပ်ဆင်ပြီးပါက ဒေသတွင်အောက်ဆီဂျင် လိုအပ်ချက်သာမက ခရိုင်အတွင်းရှိ ထီးလင်း၊ ဆောမြို့နယ်များ အတွက်ပါ ဖြန့်ဖြူးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)