ဆားလင်းကြီး ဩဂုတ် ၁၄
စစ်ကိုင်းတိုင်ဒေသကြီး ၊ ယင်းမာင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် ရွှေလင်းယုန် လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း (လီမိတက်)မှ အသင်းနယ်နိမိတ် အတွင်းရှိ ရက်ကန်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အသင်းသားပြည်သူများအား အရင်းအနှီးနှင့် အလုပ်အကိုင်အခွင့်အရေး ရရှိစေရေးအတွက် ပံ့ပိုး ချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
ယခုလို အသင်းသားပြည်သူများ ငွေကြေးအရင်းအနှီးနှင့် အလုပ်အကိုင်အခွင့်အရေး ရရှိစေရေး အတွက် China EXIM Bank အမေရိကန်ဒေါ်လာ သန်း(၃၀၀)ချေးငွေမှ အကြိမ်အလိုက် ပံ့ပိုးချေးငွေ စုစုပေါင်း (၃၁.၃၅၃)သန်း ရယူ၍ အသင်းပိုင်ရန်ပုံငွေ (၃၁.၂၄၇)သန်းဖြည့်တင်းကာ အသင်းသား တစ်ဦးလျှင် (၂)သိန်းနှုန်းဖြင့် အကြိမ်အလိုက် ထုတ်ချေး ပေးခဲ့ရာ ထုတ်ချေးငွေ စုစုပေါင်း (၆၂.၆၀) သန်းထိ ထုတ်ချေးပေးနိုင်ခဲ့သည့်အပြင် အသင်းသား (၃၆၃)ဦးတို့အား တစ်ဦးလျှင် တစ်လပျမ်းမျှ ဝင်ငွေ ကျပ်တစ်သိန်းရရှိပြီး Covid-19 ရောဂါကွယ်ထိန်းချုပ်ရေး ကာလတွင် အသင်းသား ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိလာအောင် ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။
အဆိုပါ ပံ့ပိုးချေးငွေများ ထောက်ပံ့ပေးခြင်းဖြင့် ဆားလင်းကြီးမြို့နယ် တုံကျေးရွာမှ အသင်းသားတစ်ဦးဖြစ်သူ ဒေါ်အမာချိုမှ ငွေကြေးအရင်းအနှီး ထုတ်ချေးပေးသော ရွှေလင်းယုန် လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း (လီမိတက်)ကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ယခုထောက်ပံ့ကြေးငွေဖြင့် (၁)လလျှင် ပျမ်းမျှဝင်ငွေ ကျပ်တစ်သိန်းရရှိကြောင်း သိရှိရသည်။
မြကြွယ်ဝင်း (ဆားလင်းကြီး)