ကျုံပျော်တွင် မကြာမီရက်ပိုင်းအတွင်း အောက်ဆီဂျင်စက်လည်ပတ်၍ အောက်ဆီဂျင်များ အခမဲ့ ဖြန့်ဝေ‌ပေး နိုင်တော့မည်

ကျုံပျော် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် အခြား‌သော ကုသရေး လုပ်ငန်းပိုင်းတွင် အောက်ဆီဂျင်လိုအပ်သော လူနာများ အသုံးပြုနိုင်ရန်အတွက် မကြာမီ ရက်ပိုင်းအတွင်း အောက်ဆီဂျင်စက် တပ်ဆင်လည်ပတ်၍ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ‌ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်သည် ယခုအခါ   အောင်ဆန်းရပ်ကွက်ရှိ၊ နာရေးကူညီမှုအသင်း (ကျုံပျော်)ရုံး အဆောက်အဦသို့ သယ်ယူ ရောက်ရှိလာပြီဖြစ်ပြီး၊ မကြာမီရက်တွင် တပ်ဆင်ပြီးစီးကာ လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း၊ စက်တန်ဘိုးမှာ ကျပ်သိန်း(၉၅၀) ဖြစ်ပြီး၊ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊  (၃)ရက်ခန့်အကြာတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစက် တပ်ဆင်ပြီးပါက တစ်နေ့လျှင် (၈)နာရီမှ (၁၀)နာရီခန့် လည်ပတ်သွားမည်ဖြစ်ပြီး၊ တစ်နာရီလျှင် (၄၀)လီတာအိုး (၅)အိုးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်လုပ်ရရှိသော အောက်ဆီဂျင်များကို မြို့နယ်အတွင်း တိုင်နယ်(၅)ခုရှိ ဆေးရုံနှင့် လိုအပ်သူများသို့ အခမဲ့ဖြန့်ဖြူးပေးသွား မည်ဖြစ်ပြီး၊ အခြားမြို့နယ်မှ လိုအပ်သူများရှိပါကလည်း စရိတ်မျှပေးသည့်အနေဖြင့် အခကြေးငွေ အနည်းငယ်မျှသာယူကာ ဖြန့်ဖြူး ကုသိုလ်ယူ ဆောင်ရွက်ပေးသွားမည်ကြောင်း နာရေးကူညီမှုအသင်း (ကျုံပျော်)၏ ဥက္ကဋ္ဌ ဖြစ်သူ ဦး‌အောင်မင်းထွန်းထံမှ သိရသည်။