ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး လမ်းကျိုးပေါက်မှုကို နေ့ချင်းပြီးပြုပြင်ဆောင်ရွက်နိုင်ခဲ့သဖြင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာ

ကရသူရိ သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်ကျေးရွာ၊ အောင်ဇင်ဘာဆီအုန်း ကုမ္ပဏီအနီး၊ မိုင်တိုင်အမှတ် ၁၀၇၃ ဒသမ ၅နှင့် ၁၀၇၄ KMကြား ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံ့ကျ၍ လမ်းကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်များခရီးကြန့်ကြာမှုမရှိစေရေး လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့ဌာန ဆိုင်ရာအဖွဲ့များ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ချင်းပြီးပြုပြင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယမန့်နေ့ မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်က မော်တော်ယာဉ်များအားလုံး ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ ရေထုတ်ပြွန်မြေသားများပိတ်ဆို့ခဲ့ပြီး မြေသားနံရံရေတိုက်စားခံရ၍ လမ်းဘယ်ဘက်အခြမ်းပြိုကျပျက်စီးခဲ့သဖြင့် လမ်းယာယီပြတ်တောက်သွားခဲ့ပြီး ယာဉ်များအချိန်မီသွားလာနိုင်ရေး နံနက် ၈ နာရီမှစတင်ကာကရသူရိမြို့အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ နယ်မြေစခန်းမှူးနှင့်ဟန်ကဒိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့ မွန်းတည်း ၁၁နာရီ ၅၅အချိန်ခန့်တွင်ခရီးသွားယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ကပြောသည်။    

ဆက်လက်၍   ယာဉ်များအားလုံးအချိန်မီ သွားလာနိုင်ရေးကော့သောင်းခရိုင်  လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းမောင်၊ကော့သောင်းမြို့နယ်ဦးစီးအရာရှိ ဦးဟိန်းဇော်ထွန်းနှင့်အဖွဲ့များရောက်ရှိပြီး မွန်းလွဲ၁နာရီခန့်မှစ၍ စက်ယန္တရားကြီးများ အသုံးပြုဆောင်ရွက်ခြင်း၊မြို့ဌာနဆိုင်ရာအဖွဲ့များနှင့် နယ်မြေခံတပ်မတော်သားများ၊ ဒေသခံပြည်သူများဖြင့် လမ်း ကျိုးပေါက်မှုကို နေ့ချင်းပြီးပြု ဆောင်ရွက်နိုင်ခဲ့သဖြင့် ယာဉ်များအားလုံးပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း ကရသူရိမြို့လမ်းဦးစီးဌာမှ တာဝန်ခံဦးမြတ်သူကပြောသည်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီး လမ်းဘယ်ဘက်အခြမ်းပြိုကျပျက်စီးခဲ့ရာ လမ်းယာယီပြတ်တောက်သွားခဲ့သော်လည်း မည်သည့် တစ်စုံတစ်ရာမှထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် ယခုအချိန်တွင် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များနှင့် ယာဉ်များ အား လုံးပုံမှန်အတိုင်း သွားလာလျက်ရှိနေပြီးဖြစ်ကြောင်းသိရသည်။

  စိုးဝင်း(ပြန်/ဆက်)