မိုးညို ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင် များက ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မြို့ပေါ်ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရပ်ကွက်/ ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်များ၏ အမည်စာရင်းများ ကပ်ထား ကြေညာရာတွင် စနစ်တကျရှိစေရေး၊ အမည်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး၊ မဲဆန္ဒရှင်အမည်စာရင်းများ ပြင်ဆင်၊ဖြည့်စွက်၊ကန့်ကွက်၊ တောင်းဆို ထားမှုများအား သက်မှတ်ပုံစံများဖြင့် စနစ်တကျ ဖြည့်စွက်ထားရှိမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးပြီး အောက်တိုဘာလတွင် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများ ကပ်ထားကြေညာသည့်အခါ တိကျမှန်ကန်မှုရှိစေရေးတို့အား ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။
မိုးညိုမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၂၈၄၀) ဦးရှိကြောင်း၊ တိုင်းရင်းသားမဲရုံ(၂၂) ရုံ အပါအဝင် မဲရုံပေါင်း(၁၆၈) ရုံရှိပြီး မဲစာရင်း စတင်ကပ်ထားသည့်နေ့မှစ၍ ယမန်နေ့ အထိ ပုံစံ(၃)တောင်းဆိုသူ (၂၀၂)ဦး၊ ပုံစံ(၃-က)တောင်းဆိုသူမရှိ၊ ပုံစံ(၄-ဂ)ပြင်ဆင်သူဦးရေ(၁၆၄)ဦး၊ ပုံစံ(၄)ကန့်ကွက်လွှာ အတွက် (၃၇)ဦးအထိရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ကိုမင်း(မိုးညို)