တနိုင်း သြဂုတ် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီ ဖြစ်၍ အဆိုပါ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နေရပ်စွန့်ခွာပြည်သူများ အိမ်ထောင်စု(၁၆)စုအတွက် မူလနေရပ်သို့ ပြောင်းရွှေ့နိုင်ရေးအတွက် တိမ်းရှောင်ပြည်သူများ၏ မူလမြေနေရာများပေါ်တွင် အခြေခံ၍ ကွင်းမြေပုံ၊ အကွက်ချမြေပုံများကို စနစ်တကျရေးဆွဲရန်၊ အိမ်ထောင်စု(၁၆)စုအတွက် (၉)လစာ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ မိသားစုကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များ၊ လမ်း၊ တံတားများ၊ လျှပ်စစ်မီးရရှိရေး၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးစသည့် အခြေခံလိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးဆောင်ရွက်ပေးရန်၊ စိုက်ပျိုးမြေဖော်ထုတ်ပေးမှုနှင့် သီးနှံစိုက်ပျိုးစရိတ် ထုတ်ပေးခြင်းနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဆောင်ရွက်ပေးရန်၊ နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် အထူးကာကွယ် စောင့်ရှောက်မှုပေးရန်လိုအပ်သော အမျိုးသမီးများ၊ ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အနေဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန် အတွက် လက်ရှိနေထိုင်ရာဒေသတွင် လက်လှမ်း မမီနိုင်သည့် အထူးကုမှုခံယူရန် လိုအပ်လာပါက အနီးစပ်ဆုံး ဆေးရုံသို့ တတ်နိုင်သမျှဆောလျင်စာ ရောက်ရှိနိုင်စေရန် အတွက် ပံ့ပိုးစီမံဆောင်ရွက်ပေးနိုင်ရန်၊ ပြန်လည်နေရာချထားသည့် ဒေသများတွင် ပညာရေးဆိုင်ရာ ဝန်ဆောင်မှု များပေးရာတွင် မိန်းကလေးများ၊ မသန်စွမ်းသူများနှင့် လူနည်းစုများ အပါအဝင်အားလုံး အကျုံးဝင်သည့် ပညာရေးဖြစ်စေရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်ရန်နှင့် စသည့် အခြေခံလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရန်တို့အတွက် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခို လှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်အဆင့် ဆပ်ကော်မတီများ ဖွဲ့စည်းကာ ဌာနဆိုင်ရာများအား အသီးသီး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)