ကမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကမမောင်း စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ပုဇွန်‌မြောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမိုး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကမမောင်းမြို့ (ရှေ့တန်းရုံး)မှ ဝန်ထမ်းများ သည် အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း  ပုံစံ-(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်အတွင်းရှိ အ‌ခြေခံ ပညာ အလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။ 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် ဖာပွန်ခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမိုးက အသက်(၁၆)နှစ် နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်အကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်၊ ခရီးသွားလာရာတွင် အဆင်ပြေစေရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦး ရေစာရင်းစာရွက်ကို စနစ်တကျ စည်းကမ်းရှိစွာ ထိန်းသိမ်းရမည့် နည်းလမ်းများကို ရှင်းပြ ပေးခဲ့ကြောင်း သိရသည်။ 

ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းရာတွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၁)စုတို့၌ အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ စုစုပေါင်း (၂၈၀) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ငွေကြေးကုန်ကျမှုမရှိဘဲ နိုင်ငံတော်မှ အခမဲ့ထုတ်ပေးခဲ့ကြောင်း၊ ကျန်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်းချိတ်ဆက်၍ ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖာပွန်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမိုးက ရှင်းပြသည်။

လင်းသန့်(ပြန်/ဆက်)