အုတ်ဖို စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဝက်ဝမ်းကျ ရောဂါနှင့် ကျွဲနွား ခွာနာ လျှာနာ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအဲလစ်စဘတ်ဝင်းရှိန်နှင့် ဝန်ထမ်းများက ဝက်ဝမ်းကျ ရောဂါ ကာကွယ်ဆေး(၁၄၆)ကောင်နှင့် ကျွဲနွား ခွာနာ လျှာနာ ရောဂါ ကာကွယ်ဆေး (၄၅)ကောင် တို့ကို အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း အခြားကူးစက်ရောဂါ ကာကွယ် ဆေးများကိုလည်း အလျဉ်းသင့်သလို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အောင်သူ(အုတ်ဖို)