ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် ထပ်မံထိုးနှံပေး

ဖြူး စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  မထိုးနှံရ  သေးသူများအား ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက စတင်ကာ ဖြူးမြို့ မိုးလုံလေလုံ အားကစားရုံ၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့၊ ညောင်ပင်သာဒေသနှင့် ကျော်လှကျေးရွာ တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားနှင့် ဝန်ထမ်းများ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ဝန်ထမ်းများ၊ အကျဉ်းသား၊ အချုပ်သားများ၊ မြို့နယ်စည်ပင်သာယာရေး ဈေးဝန်ထမ်းများ၊ ဈေးရောင်းချသူများနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ဇူလိုင်လ(၃၁)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ(၁၄)ရက်နေ့ထိ မြို့တော်ခန်းမ(ဖြူးမြို့နယ်)၊ အောင်တော်မူခန်းမ (ကညွတ်ကွင်းမြို့)၊ ဂျေပူအထက(ဇေယျဝတီမြို့)တို့၌ (၁၀,၃၅၀)ဦးကျော်ကို ထိုနှံပေးခဲ့ပြီး ယခုအခါသည် နောက်တစ်ကြိမ် အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား  ထိုးနှံပေးခြင်း ဖြစ်ကြောင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါနေ့က ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး စီစဉ် ဆောင်ရွက်ထားကာ အမည်စာရင်းကောက်ယူခြင်း၊ ကျန်မာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လိုအပ်သည့် ဆေးစစ်ဆေးမှုများပြုလုပ်ကာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinovac ဆေးအမျိုးအစားကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)