ရွှေဘို စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀) စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက်ခင်းများကို ဩဂုတ်လ ပထမပတ်မှ စတင်၍ ကျေးရွာ(၄၉)အုပ်စုရှိ တောင်သူ(၂၁၈)ဦး၏ စိုက်ဧက(၁၀၄၀)တွင် ၆တန်း၁တန်းလှပ်စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ပြီးစီး ပြီးဖြစ်သည်။ ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းကြောင့် ပျိုးပင်သန်စွမ်းခြင်း၊ အပင်ကြီးထွား မှုမြန်ဆန်ခြင်း၊ ပေါင်းမျက်ကင်းစင်ခြင်း၊ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းခြင်တွင် အလေလွင့်နည်းပါးခြင်း၊ အခြားမျိုးကွဲများ မပါဝင်ခြင်း၊ သီးနှံထွက်နှုန်း (၁၀-၂၀)ရာခိုင်နှုန်းကြားပိုမိုထွက်ရှိခြင်း နှင့် သီးနှံညီညာ၍ ဈေးကွက်တွင် လက်ခံမှုအားကောင်းခြင်း စသည့်အကျိုးကျေးဇူးများ ရှိရှိစေကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းမှ ပြောကြားသည်။
ဆက်လက်၍ မိုးစပါးလျာထားစိုက်ပျိုးထုတ်လုပ်နိုင်မည့် လျာထားဧကစာရင်းမှာ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာ ဖြစ်သော SMC တူးမြောင်းမှ(၇၅၆၇၆)ဧကနှင့် OMC တူးမြောင်းမှ (၇၃၃၃)ဧက၊ ကံဖြူရေဟန့်ဆည်မှ (၁၉)ဧက၊ ကြိုးကြာဆည်မှ (၆၆၄)ဧက၊ ကိုးပင်ဆည်မှ (၂၇၈)ဧက၊ အခြားဆည်များမှ (၂၇)ဧက၊ စက်ရေတင်မှ (၂၀၃၃)ဧက၊ မြေအောက်ရေမှ (၇၂၂၂)ဧက၊ မိုးကောင်းသောက်မှ (၂၅၂၄၈)ဧက စုစုပေါင်း(၁၁၈၅၀၀)ဧကဖြစ်ပြီး စပါးမျိုးအလိုက် စိုက်ဧကများအဖြစ် ရွှေဘို ပေါ်ဆန်းစပါး စိုက်ဧက(၇၅၃၀၀)၊ ဧရာမင်းစပါးစိုက်ဧက (၅၂၀၀)၊ မနောဟရီစပါးစိုက်ဧက(၂၉၀၃၆)၊ ရွှေသွယ်ရင်စပါး (၈၉၆၄)လျာထားကြောင်းနှင့် ကျွန်မတို့ ရွှေဘိုမြို့နယ်ဟာ မိုးစပါးစိုက်ဧက၏ စုစုပေါင်းစိုက်ဧကရဲ့ (၈၅)ရာခိုင်နှုန်းခန့်ကို ရွှေဘိုပေါ်ဆန်းစပါးမျိုးကို စိုက်ပျိုးတာဖြစ် ကြောင်းနှင့် ထိုရွှေဘိုပေါ်ဆန်းစပါးမျိုး အထွက်နှုန်း တိုးတက်ရေးအတွက်လည်း သိပ္ပံနည်းကျ စိုက်နည်းစနစ် (၁၄)ချက်ကို ပျိုးထောင်ချိန်မှ စတင်၍ ရိတ်သိမ်းချိန်အထိ လိုက်နာဆောင်ရွက်စေရန် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
ခရိုင်ပြန်/ဆက်