တောင်ငူ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ အသက် ၅၅ နှစ် မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ EAOများနှင့်ဦးစားပေး ဦးတည်အုပ်စုများ၌ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁)၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံ ပေးလျက်ရှိရာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးသည်။
ယနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တောင်ငူမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူဦးရေ (၁၂၅) ဦးအား ဆေးထိုးစုရပ်နေရာ နေရာများ၌ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တစ်ပြိုင် တည်း ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံခြင်းတွင် လူဦးရေ ၁၂၅၀ ဦးအား ထိုးနှံပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
ဇော်ထက်