မိုးညို စက်တင်ဘာလ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်၊ လုပ်ငန်း ရာသီနှစ်အတွက် နောက်ဆုံးအကြိမ် အင်းနှင့် တင်ဒါချက်များ လေလံတင်ရောင်းချြခင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မိုးညိုမြို့ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ယခုနောက်ဆုံးအကြိမ် အင်းနှင့်တင်ဒါချက်များ ရောင်းချခဲ့ရာတွင် အင်း(၁၉)အင်း၊ တင်ဒါချက် (၁၁)ချက်အား ရောင်းချခဲ့သည်။ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် အင်းနှင့်တင်ဒါချက်များ လေလံတင်ရောင်းချခဲ့ရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် စုစုပေါင်း(၄)ကြိမ်တွင် အင်း(၃၄)အင်းနှင့် တင်ဒါချက် (၁၇)ချက်တို့အား ရောင်းချ ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
အဆိုပါအခမ်းအနားသို့ အင်းလေလံတင်ရောင်းချရေးအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ၊ လေလံဆွဲဝယ်မည့် ရေလုပ်သားများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း