အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

အင်္ဂပူ   ဩဂုတ်   ၁၄

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီနှင့်‌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ ဦး‌မောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်သဇင်ဝင်းက‌မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ နှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ကော်မတီဖွဲ့စည်းနိုင်ရေး အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းများအရ မဲဆန္ဒရှင်စာရင်းဦးရေ (၁၅၇၉၁၈) ဦးနှင့် မဲရုံပေါင်း (၁၆၉ )ရုံရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)