ချောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၇နာရီအချိန်က ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ကွင်းဆင်း၍ ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ဆောင်ရွက်ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ဇော်တင့်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်း သိမ်းရမည့် နည်းစနစ်များ၊ ကိုဗစ် - ၁၉ရောဂါကာလတွင် ရောဂါကူးစက်မှုမဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာ ကြသူများကို Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့ကချောက်မြို့နယ် ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများမှ နိုင်ငံသားမှတ်ပုံတင် ကတ်ပြား ကျား(၂၃)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၅၅)ဦးကိုလည်းကောင်း၊ ကလေးဖွားတိုးစာရင်း(၁၁)ဦးနှင့် သေစာရင်းပယ်ဖျက်ခြင်း(၄)ဦးတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကျရောက်နေသည့် ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သွားလာရေးအခက် အခဲဖြစ်သော ကျေးရွာများကိုလည်း နယ်လှည့်ကွင်းဆင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို လူဦးရေ (၃၅၀၀) လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ ကျား (၆၃၃) ဦး ၊ မ (၇၀၀) ဦး စုစုပေါင်း(၁၃၃၃)ဦး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကာ အိမ်ထောင်စု လူဦးရေစာရင်းဆောင်ရွက်ပေးခြင်းအား အိမ်ထောင်စု(၃၅၁)စု ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။
မချို(ချောက်)