ချောက်မြို့နယ် ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

 

 

ချောက် စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​အောင်ဇော်တင့် နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၇နာရီအချိန်က ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ သို့ကွင်းဆင်း၍ ဒေသခံပြည်သူများကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများ၊  မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များ ၊ ကိုဗစ် - ၁၉ ရောဂါကာလတွင် ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့​ပြီး တက်ရောက်လာကြ သူများကို Mask များအခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်းသိရ သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ချောက်မြို့နယ် ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကျား(၂၃)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၅၅)ဦးကိုလည်းကောင်း၊ ကလေး ဖွားတိုးစာရင်း (၁၁)ဦး နှင့် သေစာရင်းပယ်ဖျက်ခြင်း(၄)ဦးတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကျရောက် နေသည့် ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  သွားလာရေး အခက်အခဲဖြစ်သော ကျေးရွာများကိုလည်း နယ်လှည့်ကွင်းဆင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို လူဦးရေ (၃၅၀၀) လျာထား ပြုလုပ် ပေးသွားမည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ ကျား (၆၃၃) ဦး ၊ မ (၇၀၀) ဦး စုစုပေါင်း (၁၃၃၃)ဦး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကာ အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း အား အိမ်ထောင်စု(၃၅၁)စု ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။

 

မချို(ချောက်)