မြိတ်ခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

မြိတ် ဩဂုတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အမည်စာရင်းတင်သွင်းလွှာများစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြည်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြိတ်ခရိုင်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာစိစစ်ခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ရာတွင် သတ်မှတ်ထားသည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအား သတ်မှတ်ထားသည့်အချက်များနှင့်အညီ စိစစ်ခဲ့ကြသည်။

မြိတ်ခရိုင်အတွင်းတွင် နိုင်ငံရေးပါတီ (၁၀) ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် (၁၂၀) ဦးတို့၏ အမည်စာရင်းတင်သွင်းလွှာများအား စိစစ်လျက်ရှိကြောင်းကို ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝါဝါခိုင် (မြိတ်ခရိုင် ပြန်/ဆက်)