နောင်မွန်မြို့နယ်၌ VDP စီမံကိန်းဖြင့်‌ဆောင်ရွက်‌သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နောင်မွန်   သြဂုတ်  ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံချက် (VDP)အရ ယနေ့ နံနက် ၈ နာရီအချိန်တွင် ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ နောင်မွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက စီမံကိန်း၏ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများဖြစ်သည့် ထုံလာ၊ ထန်ထု၊ လန်ဇာ၊ ကဆန်ဒမ်းကျေး(၄)ရွာတွင် ဘက်စုံသုံးခန်းမများ တည်ဆောက်နေခြင်းနှင့် တဆယ်ထု ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်းတို့ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကျေးရွာ‌ဖွံ့ဖြိုးရေးကော်မတီများနှင့် တွေ့ဆုံ၍ လုပ်ငန်းများကို အမြန်ဆောင်ရွက် ပြီးစီးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး အဆိုပါ လုပ်ငန်းများ တည်ဆောက်ပြီးစီးပါက ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ကျေးရွာ၏ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်ကပြောကြားသည်။

 အဆိုပါ ကျေးရွာ(၄)ရွာရှိ ဘက်စုံသုံးခန်းမများကို ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွတ်မိုးဖြင့် (၅၀ပေ ×၃၀ပေ)၊ အမြင့် ၁၄ ပေနှင့် အလျားပေ(၁၅၀၀)အကျယ်(၁၂)ပေ ထု(၉)ပေ သဲကျောက်ခင်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာဖွံ့ဖြိုးရေးကော်မတီက တာဝန်ယူဆောင်ရွက်နေလျက်ရှိရာ “ယခင်က မိမိတို့ကျေးရွာတွင် တွေ့ဆုံပွဲများ၊ ကျန်းမာရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စ ဆောင်ရွက်ရန် နေရာအတည်တကျမရှိခဲ့သဖြင့် အခက်အခဲများ ဖြစ်ခဲ့ရပါကြောင်း၊ ယခုအခါ မိမိတို့ ကျေးရွာတွင် ဘက်စုံသုံးခန်းမ တည်ဆောက်ပေးသည့်အတွက် ပြည်သူများအ‌နေဖြင့် အလွန်ဝမ်းမြောက်ပါကြောင်း ‌ ကဆန်ဒမ်းကျေးရွာတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

မြနန်း(ပြန်/ဆက်)