ဘုတလင် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက စတင်ပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၀၀၀) ကျော်အား အိမ်ထောင်စုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၄) အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိ သော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၇၄၂၄) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းစီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက အိမ်ထောင်စုဝင်များလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဘုတလင်မြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၄၂၄) စုအတွက် စုစုပေါင်း ထောက်ပံ့ ငွေမှာ ငွေကျပ် (၃၄၈၄) သိန်း၊ (၈) သောင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)