ပိုင်ကျုံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ သည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကို ကရင်၊ မြန်မာဘာသာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင်ရဲတပ်ဖွဲ့တို့က မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိစေရန်အတွက် မဖြစ်မနေအိမ်တွင်း၌ သာနေထိုင်ပါ။ သို့မှာသာရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသောအခန်းများ သွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေး ထိုးပြီး သော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ စသည့် ဆောင်ရန်/ရှောင်ရန်အချက်များအား လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)