ဝန်းသိုမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း၊ ပိုစတားများဖြန့်ဝေ

ဝန်းသို ဩဂုတ် ၁၄

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် ဆန္ဒမဲပေးနိုင်ဖို့ မဲစာရင်းသွားရောက် ကြည့်ရှုကြ စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်း၊ ပိုစတားများကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ပေါ် လူစည်ကားရာ နေရာများတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်မင်းထွန်းနှင့် တာဝန်ရှိသူများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးလက်ကမ်း၊ ပိုစတာတွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေး မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့်အချက်များနှင့် မပါဝင်သင့်သည့်သူ ပါဝင်နေပါက ဆောင်ရွက်ရမည့် အချက် များ၊ မကြာခဏမေးလေ့ မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ မဲဆန္ဒရှင်များအားလုံးဆီသို့ တိုက်တွန်းမှာကြားချက်များ အစရှိသည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြထားရှိသည်။

ဝန်းသိုမြို့နယ်၌ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု ၄၂အုပ်စုတွင် မဲရုံပေါင်း ၅၀၊ မဲပေးပိုင်ခွင့်ရှိသူ ၅၉၈၃၃ ဦးရှိခဲ့ပြီး ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းအရ မဲရုံ ၅၃ရုံ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၅သောင်းခြောက်ထောင်ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးအောင်မင်းထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)