ဖျာပုံ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၀ နာရီမှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေး ခန်းမ၌ နောက်ဆုံးနေ့ အပြီးသတ်စိစစ်သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စစ်ဆေးခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ၁၅ ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာတင်သွင်းသူ (၂၀)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအလိုက် အမည်စာရင်း တင်သွင်းလွှာတွင် ဖော်ပြထားသောအမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများတင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိ များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ၊ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ခြင်းကို သြဂုတ်လ ၁၁ ရက်နေ့မှ စတင်စိစစ်ခဲ့ပြီး ယနေ့ နောက်ဆုံးအထိ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်တင်သွင်းသူ ဖျာပုံမြို့နယ်မှ (၁၈)ဦး၊ ကျိုက်လတ်မြို့နယ်မှ (၁၆)ဦး၊ ဒေးဒရဲမြို့နယ်မှ(၂၀)ဦး၊ ဘိုကလေးမြို့နယ်မှ(၁၉)ဦး စုစုပေါင်း (၇၃)ဦးတို့ကို စိစစ်ခဲ့သည်။
အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အသိအမှတ်ပြု လည်ဆွဲကတ်ပြားများ ထုတ်ပေးမည့် ရက်ကို ထပ်မံအသိပေး မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် သိသင့်သည့်အချက်များကို ခရိုင်ကော်မရှင် အဖွဲ့ဝင်ဌာနဆိုင်ရာ အသီးသီးမှ အသိပေး ရှင်းလင်းမည်ဖြစ်ကြောင်း ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)