ထီးလင်း ဩဂုတ် ၁၄
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျင်းကျေးရွာအနီး ပင်ထောင်ချောင်းကို အမှီပြု၍ ဆောက်လုပ်ထားသည့် တောင်အိုဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆ သန်းဖြင့် ဂန့်ဂေါခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနက သံခြင်းကျောက်ဖြည့်ရေလွှဲဆည်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့မှ စတင်အကောင်အထည်ဖော် ပြုပြင်တည်ဆောက် ခဲ့ရာ ယခုအခါ ဆည်တည်ဆောက်မှု မှာ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်အိုဆည်သည် ယခင်က ကျေးရွာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သစ်ခက်လက်ရိုက် ဆည်အဖြစ်သာ ဆောက်လုပ်နိုင်ခဲ့ရာ မိုးရာသီကာလ ချောင်းရေကြီး ရေလျှံ ရေတိုက်စားမှု ကြောင့် နှစ်စဉ်ပျက်စီးလေ့ရှိပြီး ယခုအခါတွင် သံခြင်းကျောက်ဖြည့်ရေလွှဲဆည်အဖြစ် အဆင့်မြှင့် ပြုပြင် ခြင်းဖြင့် သစ်တောပြုန်းတီးခြင်းမှ ကာကွယ်ပေးခြင်း၊ နှစ်စဉ်ပြုပြင်ရသည့် ကုန်ကျစရိတ် သက်သာခြင်းတို့အပြင် ရာသီမရွေး စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတောင်အိုဆည်သည် တူးမြောင်းလိုင်နင်အလျား ၂၃၈ ပေ၊ ရေလွှဲဆည်အလျား၁၀၀ ပေ၊ ရေလွှဲထိပ် အကျယ် ၅ ပေ နှင့် ရေလွှဲဆည်အမြင့် ၉ ပေ ရှိပြီး မူလအကျိုးပြု လယ်မြေ ဧက ၁၁၀ အပြင် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်မည့်လယ်မြေဧက ၁၃၀ ၊ စုစုပေါင်း လယ်မြေဧက၂၄၀ ကို စိုက်ပျိုးရေ ရရှိနိုင်မည်ဖြစ်ကာ ကျေးရွာရှိ အိမ်ခြေ ၂၆၀ နှင့် လူဦးရေ ၁၀၀၀ ခန့်အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)