ဆိပ်ဖြူ သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က မဲပေးမည့် မဲဆန္ဒရှင်များစာရင်း မကျန်ရှိစေရေး၊ မဲစာရင်းများ မှန်ကန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည် အားလုံးတွင် တာဝန်ရှိပါကြောင်းနှင့် မိမိတို့ထွေ/အုပ်ရုံးဘက်မှ ဝန်ထမ်းများကူညီဆောင်ရွက်ပေးနေပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မြန်ဆန်ရေး ကျေးရွာများအရောက် ကွင်းဆင်းပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးကိစ္စများအတွက် မြို့နယ်အတွင်း လိုအပ်သည့် အထူးရဲအဖွဲ့ကို ဖွဲ့စည်းထား ရှိပြီးဖြစ် ပါကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင် (၁၀၃)ဦးနှင့် အရန်အဖြစ် (၂)ဦးဖွဲ့စည်းမှုအင်အားကို တင်ပြထားရှိပါကြောင်း နှင့် အထူး ရဲတပ်ဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲကာလမတိုင်မီမှစ၍ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ခံစားခွင့် ကို အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ ပေးသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်အောင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် များကို ကွင်းဆင်းကြီးကြပ်ပေးစေလိုပါကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် အဖွဲ့ဝင်အားလုံးတွင်လည်း တာဝန်ရှိပါကြောင်း အသီးသီးပြောကြား ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကျေးရွာများ သို့ ကွင်းဆင်းရာတွင် တွေ့ရှိရသည့် အကြောင်းအရာများ၊ အခက်အခဲများတင်ပြဆွေးနွေးကြပြီး သိရှိလိုသည်များနှင့် လိုအပ်ချက်များ ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)