ချောင်းဦး သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာန (မီးသတ်စခန်းရုံး) ရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော မီးသတ်ကား၂ စီးအား နတ်ရေကန်ကျေးရွာနှင့် ချောင်းမနား ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ လာရောက်သည့် ခရီးစဉ်တွင် ချောင်းဦးမြို့ လူထုမှ ကျေးရွာများအတွက် မီးသတ်ကားတောင်းဆိုခဲ့ရာ သြဂုတ်လ (၈) ရက်နေ့က တိုင်းမီးသတ် ဦးစီးဌာနမှ ချောင်းဦး မြို့နယ်အတွက် မီးသတ်ကား ၂ စီးပေးအပ်ခဲ့ သည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် မီးသတ်ဦးစီးဌာနမှ လက်ခံ ရယူခဲ့သည်။
ယနေ့နံနက် ၉ နာရီအချိန်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မီးသတ်ဦးစီးအရာရှိ ဦးတင်အောင်မိုးနှင့် မြို့နယ် ရပ်မိရပ်ဖများက နတ်ရေကန် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဖိုးဆန်း၊ ချောင်းမနားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးတို့ထံ မီးသတ်ကားများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ်တွင် မီးသတ်စခန်း၌ မီးသတ်ယာဉ် ၅ စီး၊ အရံ ၂ စီး၊ ခင်မွန်ကျေးရွာ၌ ၂ စီး၊ အမြင့်ကျေးရွာ၌ ၁ စီး၊ တောကျောင်းကြီးကျေးရွာ၌ ၂စီး၊ သုံးပန်လှကျေးရွာ၌ ၁စီး၊ မင်းဂေါင်ကျေးရွာ၌ ၁စီး ရှိပြီး ယခုအခါ နတ်ရေကန်ကျေးရွာ၌ ၁စီး၊ ချောင်းမနားကျေးရွာ၌ ၁စီး၊ စုစုပေါင်း (၁၆) စီးဖြစ်ကြောင်း ချောင်းဦးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်အောင်မိုး ထံမှ သိရှိရပါသည်။
ဝင်းမြင့်အောင် (ပြန်ဆက်)