ဘိုကလေး ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်များ၏ အမည်စာရင်းများအား ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေငြာကပ်ထားပေးခဲ့ရာ မဲစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအဖွဲ့များ ပူးပေါင်း၍ တညီတညွတ် ဆောင်ရွက်လျက်ရှိသည်။
မဲစာရင်းများ စတင်ကြေညာကပ်ထားသည့် ဇူလိုင်(၂၅)မှ စတင်၍ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ပြည်သူများမှ ၎င်းတို့အမည်စာရင်းများ လာရောက်ကြည့်ရှုခဲ့ကြရာ မဲစာရင်းများ၌ အကြောင်း အမျိုးမျိုးကြောင့် မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းအချို့ မပါရှိခြင်း၊ ကြေငြာထားရှိသည့် အမည်စာရင်းများတွင် မပါရှိသင့်သည့် အမည်စာရင်းများပါရှိနေခြင်း၊ မဲဆန္ဒရှင်များ၏ အမည်စာရင်း များတွင် အချက်အလက်များ မှားယွင်းနေခြင်း ရှိနေသည့်အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများနှင့် ထွေ/အုပ် ဝန်ထမ်းများ တိကျမှန်ကန်စွာရှိစေရေး ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းများတွင် မှတ်ပုံတင်အမှတ် လစ်လပ်နေမှုများရှိသဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအဖွဲ့များမှလည်း လစ်လပ်နေသည့် မှတ်ပုံတင်အမှတ်များ ဖြည့်စွက်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)