ဝန်းသို စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ ရွာတွင်းလမ်းအရှည်ပေ ၁၄,၀၀၀/- ကျော် ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူးထံမှ သိရသည်။
ထိုသို့ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ဖီလေးကျေးရွာနှင့် ညောင်ကိုင်း ကျေးရွာတို့တွင် လမ်းအရှည်ပေ ၇၀၀ စီ၊ ဆည်ကြီး(ရွာဟောင်း) ကျေးရွာနှင့် အင်္ဂါးကျေးရွာတို့တွင် လမ်း အရှည်ပေ ၁,၀၀၀ စီ၊ ထန်းတော၊ ဆည်ကြီး(ရွာသစ်)၊ ညောင်အင်း၊ မှန်လွှဲကုန်းနှင့် လေဘိုကျေးရွာတို့တွင် လမ်းအရှည်ပေ ၁,၁၀၀စီ၊ ကျွန်းကုန်းနှင့် မင်းကုန်း ကျေးရွာတို့တွင် လမ်းအရှည်ပေ ၁,၂၀၀စီ၊ ငါးရံ့ချောင်း ကျေးရွာတွင် လမ်းအရှည်ပေ ၁,၃၀၀နှင့် ရွာသာကျေးရွာတွင် လမ်းအရှည်ပေ ၁,၅၀၀ စုစုပေါင်းကျေးရွာတွင် လမ်းအရှည်ပေ ၁၄,၁၀၀ ထိအဆင့်မြှင့်တင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းသည် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀နှင့် ပြည်သူထည့်ဝင်ငွေ ပူးပေါင်းပါဝင်သောစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရသော စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၂၅ ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ စီမံကိန်းဝင်ကျေးရွာပေါင်း ၁၂၀ ထိ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်