တနင်္သာရီမြို့နယ်၊ အနောက်စုကျေးရွာ၌ အသင်းသားများအား ကျေးရွာမတည်စီမံကိန်း (VRFP) ရန်ပုံငွေ ထပ်ဆင့်ထုတ်ချေးပေး

တနင်္သာရီ ဩဂုတ်လ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု - အနောက်စုကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ၎င်းကျေးရွာမှ အသင်းသားများအား လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာမတည်ရန်ပုံ‌ငွေ၊ စီမံကိန်းရန်ပုံငွေများထုတ်ချေးပေးခြင်းကို မူလတန်းလွန်ကျောင်းအတွင်းပြုလုပ်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးရယ်လွင်၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးကျော်နိုင်စိုး၊ အနောက်စုကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးသိန်းထွန်းဦးနှင့် ကော်မတီဝင်များ၊  အရှေ့မော်တုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးရယ်လွင်က ကိုဗစ်-၁၉ ကာလ စီးပွါးရေးကုစားမှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းလုပ်ကိုင်ကြမည့် အသင်းသားများအား ရန်ပုံငွေထုတ်ချေးပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အနောက်စုကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၉) ဦး၊ မွေးမြူရေးလုပ်ငန်း (၁၉) ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၁၆) ဦး စသဖြင့် အသင်းသား (၆၀) ဦးအတွက် စုစုပေါင်းထုတ်ချေးပေးငွေ (၂၉၄) သိန်းကျပ်တိတိ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီး (၆) မိုင်ကျေးရွာ၊ မြေမအုံကျေးရွာနှင့်စတိန်သောင်ကျေးရွာများတွင်လည်း ၎င်းစီမံကိန်းရန်ပုံငွေများကို အသင်းသားများထံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)