နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ GAP စနစ်ဖြင့် စိုက်ပျိုး ထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ခြင်းရိတ်၊ ချက်ခြင်းစီး၊ ချက်ခြင်းထောင်စနစ်ဖြင့် စတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးဇော်မိုးထွန်း၏ (၅)ဧက GAP စိုက်ခင်းတွင် (Quick Win) အစီအစဉ်ဖြင့် ချက်ခြင်းရိတ်၊ ချက်ခြင်းစီး၊ မိုးကာပေါ် ချက်ခြင်းထောင် စနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့်စိုက်ပျိုးသော မိုးနှမ်းစိုက်ဧက (၁၀,၀၀၀) ဧက စိုက်ပျိုးထားရှိပြီး ထိုသို့စိုက်ပျိုးခြင်းဖြင့် အစားအစာလုံခြုံစိတ်ချမှု ရရှိစေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် GAP စိုက်နည်းစနစ်ဖြင့် မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ လိုက်နာ ဆောင်ရွက်လျက်ရှိရာ အရည်အသွေးကောင်းမွန်သော နှမ်းများရရှိရေးနှင့် ရိတ်သိမ်းချိန်တွင် (FFA acid) ပါဝင်မှုမရှိစေရန်၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေး အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌနမှ ဝန်ထမ်းများက ကွင်းထဲအရောက် သွားရောက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်