ပိုင်ကျုံ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေး ပန်ကြားချက်များကို ကရင်၊ မြန်မာဘာသာဖြင့် ယမန်နေ့ညနေ (၄:၃၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံ အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ် ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ် ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များ ပါဝင်ပါသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)