ရှမ်းရွာသစ် ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်ပြီး ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ဘောဘောခီးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗီတာမင်အေဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကလေးများကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ဝစွာကျွေးမွေးရန် ပညာပေးဆွေးနွေးခဲ့ပြီး ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ အရပ်တိုင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အသက် (၆) လမှ (၁၁) လအထိ ကလေးငယ်များအား ယူနစ် (၁) သိန်းအား ဗီတာမင်အေ အပြာဆေးတစ်လုံး၊ အသက် (၁၂) လမှ (၅) နှစ်အထိ ကလေးငယ်များအား ယူနစ် (၂) သိန်းအား ဗီတာမင်အေ (၂) သိန်းအား အနီတစ်လုံး တိုက်ကျွေးခဲ့ပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)