ကျိုက်လတ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအားနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်၂နှစ်အောက်ကလေး များအတွက်လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလ စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၂နှစ်အောက် ကလေးများအား ထောက်ပံငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့၍ ထောက်ပံ့ငွေများကို ရပ်ကွက် ကျေးရွာရှိ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၂နှစ်အောက်ကလေးများ၏ လက်ဝယ် အရောက် ပို့ပေးစေချင်ကြောင်းပြောကြားခဲ့ပြီး စခန်းနယ်မြေ အလိုက် တာဝန်ယူဆောင်ရွက် ကြမည့်ဌာန ဆိုင်ရာအကြီးအကဲများထံ လွဲပြောင်းပေးအပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင်သက်ကြီး ဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၆) ရပ်ကွက် ကျေးရွာ(၈၇)အုပ်စုတို့မှ သက်ကြီးဘိုးဘွား(၈၁၃)ဦး၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ၁၅၀၀၀နှုန်းဖြင့် ၃လစာ ၄၅၀၀၀နှုန်းဖြင့် (၁၇၂၉)ဦးနှင့် ၂နှစ်အောက်ကလေး တစ်ဦးကို ၁၅၀၀၀နှုန်းဖြင့် ၃လစာ၄၅၀၀၀နှုန်းဖြင့် ကလေး(၁၉၇၁)ဦးအား ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဌေးဌေးလှိုင်