ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက် (၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ (၃၅၃၃) ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ဆေးထိုး စုရပ်(၄)နေရာတွင် ယနေ့ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၅၆၄ ဦး ရှိကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကာ ဆေးထိုးပြီးကြောင်း လက်မှတ်များ ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး(Sငညသစ့မော)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက် အရွယ်ကြီးရင့်သူများ၊ သံဃာတော်များနှင့် သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အခြား ပုဂ္ဂလိကမှ ဝန်ထမ်းများ ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများ ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊ Volunteerအဖွဲ့ဝင်များ၊ ဈေးသည်များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးထိုးနှံဆောင်ရွက် ပေးခဲ့ရာ စုစုပေါင်းဦးရေ ၆၀၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သူများကို ယခု ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်(၂၉)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၃၅၃၃) ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)