ချောင်းဦး စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် မိုးနှောင်းဝါသီးနှံ စိုက်ပျိုးမည့် တောင်သူများအား ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ နည်းပညာပေးသင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒု-တိုင်းဒေသကြီးဦးစီးမှူး (၁)ဦးအောင်ကြည်ဝင်းက ဝါသီးနှံနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်မှ ဝါသီးနှံကိုအောင်မြင်အောင် ကြိုးစား စိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
၎င်းနောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညွှန့်အောင်က လယ်ယာမြေလုပ်ထုံးလုပ်နည်း ဥပဒေ နည်းဥပဒေများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပေးကာ ဝါသီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များကို တောင်သူများ လယ်ဝယ်သို့ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်း ဆက်လက်ဆောင်ရွက်ရာတွင် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဝါစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်ရေးအတွက် စနစ်တကျ ဆောင်ရွက်ရမည့်အချက်တို့ကို ဒုတိယဦးစီးမှူး ဒေါ်ဥမာခိုင်မှ ၎င်းဝါသီးနှံတွင် ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများနှင့် ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်း နည်းစနစ်များကို ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်မှ၎င်း၊ မြို့နယ်ဦးစီးမှူးမှ ဈေးနှန်းမြင့်မားနေသော ဓါတ်မြေသြဇာအစား သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲကြရန်နှင့် ပြုလုပ်ပုံအဆင့်ဆင့်ကို၎င်း၊ ဓါတုပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲမည့် အစား ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲပါက ဓါတုဓါတ်ကြွင်းကင်းစင်၍ ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံများကို ရရှိစေသဖြင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရန် လိုအပ်ပါကြောင်း ပြုလုပ်ပုံဆင့်ဆင့် နှင့်သုံးစွဲရမည့်နှုန်းထားများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းကို ကျေးရွာပေါင်း(၁၀)ရွာမှ တောင်သူ (၃၅)ဦးနှင့် ဝန်ထမ်း (၁၀) ဦး တက်ရောက်ခဲ့ကြပြီး နည်းပညာပေးစာအုပ်များကိုပါ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)