ထားဝယ် သြဂုတ် ၁၄
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ရည်ရွယ်၍ အခြေခံရေချိုငါးမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်အောင်က ရေချိုငါးသားဖောက်နည်းပညာများ၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ပြည်သူလူထုကစိတ်ပါဝင်စား၍ ရေချိုငါးကဏ္ဍတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးသောသင်ခန်းစာများကို စိတ်ပါဝင်စားစွာလေ့လာမှတ်သားရန်နှင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချတက်ရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်သိန်းက နိုင်ငံတော်၏မူဝါဒဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသများရှိ ငါးမွေးတောင်သူများ လိုအပ်သောငါးသားပေါက်များကို အလွယ်တကူသားဖောက်ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် လက်ဆင့်ကမ်းသင်တန်းပေးခြင်းဖြင့် ရည်မှန်းချက်များအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေချိုငါးမွေးမြူလာခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ဒေသရှိလိုအပ်သောငါးသားပေါက်များကို တစ်ပိုင်တစ်နိုင်ငါးသားပေါက်စခန်းများတွင် အလွယ်တကူထုတ်လုပ်မွေးမြူနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီးဇဟာကျေးရွာနေ ငါးမွေးတောင်သူ ဦးဇော်လွင်က ငါး၏သဘောသဘာဝအကြောင်း၊ဒေသနှင့်ကိုက်ညီ သောငါးမျိုးမွေးမြူနိုင်ရေးအကြောင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား(၂၅)ဦးအားမျိုးငါးများပြုစုခြင်း၊ သားဖောက်ရန်သင့်တော်သောမျိုးငါးများရွေးချယ်ခြင်း၊မျိုးငါးများလက်တွေ့ပိုက်ဆွဲခြင်း၊သရုပ်ပြခြင်းနှင့်ဆေးထိုးခြင်း၊ သဘာဝနည်းဖြင့်သားဖောက်ခြင်းနှင့်ဆေးထိုးသားဖောက်ခြင်း၊ သန္ဓေအောင်ငါးများလေ့လာခြင်း၊ ငါးသားပေါက်ထည့်သွင်းမည့်ငါးကန်၏ရူပ၊ ဓါတုပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များနှင့်ကန်အတွင်းသို့လွှတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မွေးမြူထားသောငါးများအားပြန်လည်ဖမ်းဆီးခြင်းစနစ် စသည့်တိုကို သြဂုတ် ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)