ရိခေါ်ဒါရ် စက်တင်ဘာ ၆
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လက်ခံရရှိမှု အခြေအနေကိုလည်းကောင်း၊ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာက ကာကွယ်ဆေး ထိုးနှံခြင်း၏ အကျိုးကျေးဇူးနှင့် အကျိုးသက်ရောက်မှုများ၊ ကာကွယ်ဆေးထိုးနှံပြီးပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆက်လက်ဆောင်ထားရမည့်အချက်များ၊ ရှောင်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပေးသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ်ပြီး ဦးစားပေး အစီအစဉ်အလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့အား ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံသူ အမျိုးသား (၃၃)ဦး၊ အမျိုးသမီး (၂၇)ဦး၊ စုစုပေါင်း (၆၀)ဦးတို့အား ပထမနေ့၌ ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုဦးစားပေးအလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူ (၂၀)ဦး၊ သာသနာ့ဝန်ထမ်း (၉)ပါး၊ နိုင်ငံ့ဝန်ထမ်း (၁၇)ဦးနှင့် စေတနာ့ဝန်ထမ်း (၁၄)ဦးရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးရေ (၁၀၀) ရရှိပြီး ကာကွယ်ဆေးထိုးနှံသည့် ပထမနေ့ဖြစ်သည့် ယနေ့ရက်၌ ဆေးလုံးရေ (၃၀) ထိုးနှံသုံးစွဲခဲ့ပြီး ကျန်ရှိသည့် ဆေးလုံးရေ (၇၀)အား စက်တင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့ (နှစ်ရက်အတွင်း) ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သောမတ်