ဘားအံ စက်တင်ဘာ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယာဉ်စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုနှင့် ထီလုံ-တာပေါင်-ပတ-နဘူးကားလမ်းပေါ်ရှိ တံတားများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာ ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယဉ်စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူများက အဆောက်အဦနေရာချထားမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ယာဉ်စစ်စင်၊ ဂိုဒေါင်၊ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ၊ ကင်းတဲ၊ ရေချိုးကန်၊ သန့်စင်ခန်း အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ထီလုံ-တာပေါင်-ပတ-နဘူးလမ်းပေါ်ရှိ နဘူးရွာအဝင် ကွန်ကရစ်တံတား ဆောက်လုပ်နေမှု၊ မြပတိုင်တံတား၊ သရက်တောတံတားနှင့် ပတတံတား ၃၀၀ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်လမ်းဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများက တံတားမျာတည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါတံတားများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)