အင်းတော် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု၊ စဉ့်ခိုးကျေးရွာနှင့် ကူးကာ ကျေးရွာအား ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများအား ယနေ့ နံနက် ၁၁ နာရီ အချိန်က အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကော်မတီဝင်များက ဒေသခံပြည်သူများအား စဉ့်ခိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်လည်းကောင်း၊ ကူးကာကျေးရွာ စာသင်ကျောင်းတွင် လည်းကောင်း အသီသီး ထုတ်ပေး ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ် နေပြီး လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေး အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project - VRFP ) စီမံကိန်းကို နိုင်ငံတော်မှ အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် (VRFP) စီမံကိန်းကို ကူးကာကျေးရွာ၊ စဉ့်ခိုးကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ အင်းရွာကျေးရွာ၊ တားဖလာကျေးရွာ၊ လယ်ပြင်ကျေးရွာများတွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ကျန်ရှိနေသည့် တားဖလာကျေးရွာကိုလည်း (VRFP) ရန်ပုံငွေပေးအပ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါမိုးက ပြောပြခဲ့သည်။
အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု စဉ့်ခိုးကျေးရွာအနေဖြင့် (VRFP) ရန်ပုံငွေကျပ် သိန်းသုံးရာ ရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၆၁) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၁) ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၁) ဦး စုစုပေါင်း (၇၃) ဦးအား လည်းကောင်း၊ ကူးကာရွာမှာလည်း(VRFP) ရန်ပုံငွေ ကျပ်သိန်းနှစ်ရာရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၇ ) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ( ၃ ) ဦး၊ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၂) ဦး စုစုပေါင်း (၂၂) ဦး တို့အား ချေးငွေများကို အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
ခန့်ဇော်ပိုင်