နမ္မတူ စက်တင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုအား စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ နမ္မတူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်တို့က ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေးထိုးနှံလျက်ရှိသည့် ပြည်သူများအား အားပေးစကားပြော ကြားခဲ့သည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနေရာ (၂)နေရာခွဲ၍ ဩဂုတ်လ (၆)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူများအား ယနေ့တွင် ထိုးနှံပေး ခြင်းဖြစ်ပြီး၊ ဩဂုတ်လ (၇)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူများအား စက်တင်ဘာလ (၅)ရက်နေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ ပေးမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
၎င်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ဆေးဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန် များ၊ သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် ပရဟိတအသင်း အဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ အနေဖြင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၂၆၄၄ဦးအား ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံနိုင်ခဲ့ပြီး၊ ၇၅၅ဦးအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကာ ကာကွယ်ဆေးများထပ်မံ ရောက်ရှိ လာပါက ဦးစားပေးအဆင့် အလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ စက်တင်ဘာလ (၃)ရက်နေ့ ညနေ (၅)နာရီအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃၄၈ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၇ဦးရှိကာ၊ ၁၀ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲ ပိုးတွေ့ လူနာ ၁၁၁ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီမှ သိရသည်။
လူမော်