ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ(၁၇၀၇) ဦးထိုးနှံပြီး

ခင်ဦး  စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင်  မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာ လူဦးရေ (၄၉၉၉) ဦး ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့ထိ ထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း (၁၇၀၇) ဦးရှိပြီး ကျန်ရှိသူများကို သတ်မှတ်ရက်အတိုင်း ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများ အနေဖြင့် ဒုတိယအကြိမ်မထိုးခင် ကြားထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပါက စဖြစ်သည့်နေ့မှ ၂၈ ရက်နေ့ နောက်ပိုင်းတွင် ဒုတိယအကြိမ် ထိုးနှံရမည် ဖြစ်ကြောင်း သာမန်တုပ်ကွေးဖြစ်ပါက အဖျားပျောက်ပြီး ဒုတိယနေ့ တွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)