ကော့သောင်းမြို့တွင် ရွေ့လျားအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုကြောင့် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသူအနည်းငယ်ပြန်လည်မြင့်တက်လာ သော်လည်း သေဆုံးမှုလျော့နည်း

 

ကော့သောင်း  စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားမည့်သူများ၊ ခရီးမှပြန်လာသူများနှင့် ပိုးတွေ့ရှိမှုများပြားသည့်ရပ်ကွက်များမှ ပိုးတွေ့လူနာနှင့် ဆက်စပ် ထိတွေ့သူများအား ရွေ့လျားအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုကြောင့် ယနေ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူအနည်း ငယ်ပြန်လည်မြင့်တက်မှုရှိလာသော်လည်း သေဆုံးသူမှာ သိသာစွာလျော့နည်းကျဆင်းလာ ကြောင်း ကော့သောင်းခရိုင်၊ ကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းအထိ Rapid Diagnostic Antigen Test Kid( RDT ) ပိုးတွေ့ရှိမှုများပြားသည့်ရပ်ကွက်များမှ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့သူများအား ရွေ့လျား အဖွဲ့ဖြင့် စစ်ဆေးချက်အရ လူ(၆၁) ဦးအထိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့ခံ ဘော်လံတီယာပရဟိတအဖွဲ့မှလည်း ရောဂါပိုးတွေ့ရှိသူ၏ နေအိမ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ လော့ဒေါင်းထားရှိခြင်း လုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက် လျက်ရှိကြောင်း၊ ကော့သောင်းမြို့အနေဖြင့် အိန္ဒိယနိုင်ငံထုတ်COVISHIELD ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖြင့် မြို့နေပြည်သူ(၅၄၂၅) ဦး ၊ ကာကွယ်ဆေး  Sinopharm ဖြင့် ပြည်သူ (၄၃၀၀)ဦး ခန့်ကို  ဆေးအကြိမ်ပြည့်ထိုးနှံပေးခဲ့ ပြီးဖြစ်သော်လည်း  ပြည်သူများအနေဖြင့်လည်း ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာ ဆက်လက်လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကူညီပူးပေါင်းပါဝင်ပေးကြရန် ဒေသတာဝန်ရှိအဖွဲ့အစည်းများက မြို့အနှံ့စဉ်ဆက်မပြတ် နှိုးဆော်အသိပေးမှုများ အလေးထားဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် စက်တင်ဘာလ ၃ ရက်နေ့ ခရိုင်ကျန်းမာရေးဌာန၏ထုတ်ပြန် ချက်အရ ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ကူးစက်မှုဖြစ်စဉ်တွင် ဆေးကုသမှုဆက်လက်ခံယူနေ သူ စုစုပေါင်း(၁၁၆))ဦးရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး နောက်ဆက်တွဲရောဂါများကြောင့် သေဆုံးသူမှာ သိသာစွာလျော့နည်း သွားကြောင်းသိရသည်။

ကျော်စိုး