အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများ ဆောင်ရွက်

အိမ်မဲ သြဂုတ် ၁၄

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြည်သူများ အသိပညာရရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီ ပြည်သူ့စာကြည့်ခန်းမ၌ စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် ယခုကာလ ပြည်သူများ သိသင့်သည့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နံရံကပ် စာစောင်နှင့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်သော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပွားမှု အခြေအနေများ၊ တိုင်းနှင့်ပြည်နယ်အလိုက် လူကုန်ကူးမှု ဖြစ်ပွားသည့် ရာခိုင်နှုန်းများ၊ လူကုန်ကူးသတိပြုရမည့်သူများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ပြစ်ဒဏ်များ လူကုန်ကူးခံရပါက အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံပါတ်များနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် ပညာပေး စာအုပ်စာစောင်များကို ဝေဝေဆာဆာ ပြသထားရှိရာ ပြည်သူများ၊ စာဖတ်ပရိသတ်များ စိတဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြသည်။

အဆိုပါ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို သြဂုတ်လ ၁၃ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ပြသဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်(အိမ်မဲ၊ပြန်/ဆက်)