ချောင်းဦး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာ တောင်သူ ၃ ဦး၏ ယာမြေ ၁၀ ဧကတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ ဦးဆောင်ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ စုပေါင်းစိုက်ပျိုးခြင်း လက်တွေ့ ကွင်းသရုပ်ပြသ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စုပေါင်းစိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် ဌာနဆိုင်ရာများ၊ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုး လာစေရန်၊ ဝါစိုက်ပျိုးနည်းစနစ် မှန်ကန်ပြီး တောင်သူများ နည်းပညာကို သိရှိလိုက်နာ ဆောင်ရွက်လာစေရန်၊ ဝါသီးနှံကို ကျယ်ပြန့်စွာ စိုက်ပျိုးလာခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း၊ ဝါစိုက်ပျိုးခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ် သက်သာပြီး အမြတ်များများ ရရှိစေခြင်း၊ ဒေသရေမြေ သဘာဝနှင့် ကိုက်ညီမှုရှိသည့်အတွက် စိုက်ပျိုးရန် သင့်တော်သည့် အခွင့်အလမ်းရရှိခြင်း၊ ဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ကြောင်း ရှင်းပြ ပြောဆိုခဲ့ပြီး စုပေါင်းစိုက်ပျိုးမည့် ဧရိယာနှင့် ပျိုးစေ့များအကြောင်း ရှင်းပြခဲ့သည်။
ထို့နောက် အခန်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင် အဖွဲ့ဝင်များ၊ မြို့နယ်စာရင်းအင်း ဦးစီးဌာန၊ ဆည်မြောင်း၊ ဌာနဆိုင်ရာများ၊ တောင်သူများ စုပေါင်းပြီး စိုက်ပျိုးရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းအား စုပေါင်းစိုက်ပျိုးခဲ့သည်။
စုပေါင်းစိုက်ပျိုးပေးခဲ့သည့် မြေယာမှာ မှန်ချိုကျေးရွာတွင်နေထိုင်သည့် တောင်သူ ဦးမျိုးဆွေ၊ ဦးမြင့်သန်း၊ ဦးစိန်မောင်တို့ ၃ ဦးစိုက်ပျိုးသည့် ကွင်းဖြစ်ပြီး ၁၀ ဧကအကျယ်ရှိကာ ဘရာပို ၇၀၀ စပ်မျိုးချည်မျှင်ရှည်ဝါ မျိုးဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)