ကန့်ဘလူ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း အနောက် မြောက်ဘက်၌ တည်ဆောက်လျက်ရှိပြီး စက်ရုံအဆောက်အအုံမှာ (၂၅ ×၃၅ ×၁၂) ပေရှိ Steel Structure ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အောက်ဆီဂျင်စက် ချထားပေးပြီး၊ ရဟန်းရှင်လူပြည်သူများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံနှင့် စက်ရုံ လည်ပတ်နိုင်ရေး ၁၀၀ ကေဗွီအေ ထရန်စဖော်မာတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်ရုံတည်ဆောက်ရေး ကော်မတီက ဦးဆောင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)