တမူး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခဲ့သည့် အောက်စီဂျင်ထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ ယမန်ရက်နေ့ နေ့လယ်(၂)နာရီခန့်တွင် စက်ရုံ တည်ဆောက်နေသည့် ဗောဓိတောရကျောင်းတိုက်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင် ထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဇူလိုင်လ ဒုတိယပတ်အတွင်းက တရုတ်နိုင်ငံမှ မှာယူခဲ့ပြီး ကျပ်သိန်း(၁၂၀၀)ခန့် အမေရိကန်ဒေါ်လာ (၇၆၀၀၀)တန်ဖိုးရှိ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများနှင့် အရေးပေါ်လူနာများအတွက် အသုံးပြုနိုင်ရေး၊ မြို့နယ်အတွင်း အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင် ရဟန်းရှင် လူပြည်သူများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ၊ပြည်ပရောက် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှူဖြင့် ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်စီဂျင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပြီးစီး၍ စက်ရုံလည်ပတ်လာပါက တစ်နေ့လျှင် (၄၀)လီတာဆံ့ အောက်စီဂျင်အိုး(၂၀၀)အိုးခန့် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်စီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မှာဖြစ်ကြောင်း၊ စက်ရုံ အဆောက်အဦးနှင့် အောက်စီဂျင် အိုးများထားရှိရန် ဂိုထောင်အဆောက်အဦးတို့ကိုလည်း အချိန်မှီ အမြန်ပြီးစီးရေးအတွက် တည်ဆောက်လျက်ရှိကြောင်း တမူးမြို့ အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဇာနည်ထံမှ သိရသည်။
ဖိုးကျော်