ဆားလင်းကြီးမြို့နယ်တွင် စပါးသီနှံနှင့် ဝါသီးနှံမျိုးစေ့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်လှစ်

ဆားလင်းကြီး စက်တင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင်  စပါးသီနှံနှင့် ဝါသီးနှံ မျိုးစေ့ သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှှူး ဒေါ်မြတ်မိုးဝင်းက အမှာစကားပြောကြားရာတွင် ယခုလို ထောက်ပံ့ပေးအပ်ခြင်းမှာ စပါး စိုက်ပျိုးရာ၌ အဓိကပန်းတိုင်ဖြစ်သည့် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး၊ ဝါသီးနှံတွင် တစ်ဧက ပိသာတစ်ထောင် ထွက်ရှိရေးတို့အတွက် စံပြကွက်များ ဆောင်ရွက်နေကြသည့် တောင်သူများအား ထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှှူး ဒေါ်မြတ်မိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှှူး ဒေါ်သဇင်အောင်တို့က ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ တက်ရောက်လာကြ သည့် တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နည်းပညာပေးသင်တန်းကို ဆက်လက်ကျင်းပရာ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှှူး ဒေါ်မြတ်မိုးဝင်း နှင့် တာဝန်ရှိသူများက သင်တန်းများ ဆက်လက်ပို့ချပေးခဲ့ပြီး    ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငွေသာ၊ ရွှေသမင်၊ သမ္မတော၊ မတောင့်တ၊ ပျော်ဘွယ်၊ ဘိုက်သရက်နှင့် မကျီးတန်း ကျေးရွာများမှ တောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ဥမ္မာခိုင်