မြို့သစ် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၈၄) စုအတွက် နိုင်ငံတော်မှ ပံ့ပိုးသော ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က လှည်းဆိပ် ကျေးရွာ၌လည်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှည်းဆိပ်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ ပထမအကြိမ် ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၅၀)ကျပ်သားစသည့် အခြေခံ စားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု(၆၇)စုကို လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့မှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့် အိမ်ထောင်စု (၁၆) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၄၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ထောက်ပံ့ခဲ့သည့် အိမ်ထောင်စုအားလုံးကို တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ကိုလည်း အခမဲ့ တပါတည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့ရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)စုတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၈၄) စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာများ၌ တစ်ပြိုင်နက် တည်း ထောက်ပံ့ပေးနေကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)