မင်းဘူး ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က တောဘို့ကုန်းကျေးရွာ တောင်သူဒေါ်ဝင်း၏ လယ်မြေ ၂၅ ဧက တွင် ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော် ဌေး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်၊ တိုင်းဒေသကြီးဆည်မြောင်းဦးစီးမှူး ဦးသောင်းထိုက်၊ တိုင်းဒေသကြီးစက်မှုလယ်ယာ ဦးစီးမှူး ဦးကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်မှ ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မကွေး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ၉၁၄၅ ဧက ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်သော တောင်သူများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ထွက်ရှိလာသော မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို တိုင်းဒေသကြီးအတွင်းဖြန့်ဝေနိုင်ရေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မျိုးစေ့ထုတ် တောင်သူများအလေ့ကျင့်ကောင်းများရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါး RS to CS မျိုးစေ့ ထုတ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေ အနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများက ကောက်စိုက်လုံမေများအတွက် ခမောက် ဦးထုပ်များ၊ သနပ်ခါးခဲများ၊ မုန့်လုံးရေပေါ်များ၊ မုန့်လိပ်ပြာ၊ ထန်းသီးမုန့် အချိုရည် ဗူးများ နှင့် ရေသန့်ဗူး များကို လက်ဆောင်ပေးအပ်ခဲ့ပြီးနောက် ကောက်စိုက် လုံမေများ ခြောက်တန်း တစ်တန်းလှပ် စနစ်ဖြင့် စိုက်ပျိုးနေမှုများနှင့် တစ်ဧက ကောက်ကွက်ပြည့်မီရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)