နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်းကို နတ်မောက်မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပန်းတောကျေးရွာတိုက်နယ်ဆေးရုံ၊ ဖန်းခါးစမ်းကျေးရွာတိုက်နယ်ဆေးရုံနှင့် စိုင်ကောင်းကျေးရွာ တိုက်နယ်ဆေးရုံတို့တွင် စုရပ်(၆)နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာမှာ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများကို ဦးစားပေးထိုးနှံပေးပြီး အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ၊ ဘုန်းတော်ကြီး/ သီလရှင်/ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းရှိ ဝန်ထမ်းများ၊ ဈေးသူ/သားများ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ စုစုပေါင်း(၆,၁၀၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သြဂုတ်(၁)ရက်နေ့မှ (၇)ရက်နေ့အထိ ထိုးနှံပေးခြင်းဖြစ်ပြီး၊ ထိုသို့ ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးရာတွင်လည်း သက်ကြီး အဘိုးအဘွားများကို ဦးစားပေးထိုးနှံပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလိုက်နာပြီး ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း(၈၈၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၇၉၂)ဦး၊ ဆေးကုသမှုခံယူနေသူ(၄၂)ဦးနှင့် သေဆုံးသူ(၅၃)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)