ကျွန်းစု ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးကော်မတီက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့် အရေးဆိုင်ရာလိုင်စင်များအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး၌ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချပွဲတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးယုဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်က မိတ်ဆက် စကားပြောကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းညွန့်က လေလံနှင့်ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် (၈) ခုအား လေလံတင်ရောင်းချရာ လုပ်ငန်းလုပ်ကိုင်လိုသူများက ဈေးပြိုင်စနစ်ဖြင့်ဝယ်ယူခဲ့ကြကြောင်း၊ ကျွန်းစုမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင် (၁၃) ခုရှိရာ ယနေ့၌ ကျွန်းစု-မြိတ်ကူးတို့လိုင်စင်၊ ပထော်-မြိတ်ကူးတို့လိုင်စင်၊ မောင်းလှော်-မင်းသန်းကူးတို့လိုင်စင်၊ ကျွန်းစုအပေါင်ဆိုင်လိုင်စင်၊ ကျွန်းစုဆိပ်ကမ်းကောက်လိုင်စင်၊ သဇင်ဆိပ်ကမ်းကောက်လိုင်စင်၊ ကျွန်းစု မြို့မဈေး ကောက်လိုင်စင်၊ ကျွန်းစုလမ်းဘေးဈေးကောက်လိုင်စင် စုစုပေါင်းအရပ်ရပ်အခွင့်အရေးလိုင်စင်(၈)ခုအား စတင်ရောင်းချခြင်းဖြစ်ရာ ကျန်ရှိနေသော အရပ်ရပ်အခွင့်အရေးလိုင်စင်များကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
မင်းကျော်စော (ပြန်/ဆက်)