သရက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ မြို့နယ်အတွင်းမှ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူမျာအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးပုလင်း(၃၀၅၀)လုံးအား ထိုးနှံခြင်းဆောင်ရွက်ရာတွင် ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့ တွင် (၇၈) ဦး၊ ၃၀ ရက်နေ့တွင် (၁၂၆) ဦး၊ ၃၁ ရက်နေ့တွင် (၁၁၈) ဦး၊ စက်တင်ဘာ ၁ ရက်နေ့တွင် (၂၇၀) ဦး၊ ၂ ရက်နေ့တွင် (၃၉၄)ဦး၊ ၃ ရက်နေ့တွင် (၁၁၄)ဦး၊ စုစုပေါင်း (၁၁၀၀) ဦးတို့အား ဩဂုတ် ၂၉ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂နာရီနှင့် နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း ထိုးနှံပေးသွား မည်ဖြစ်သည်။ အဆိုပါ ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်သူများအဆင်ပြေ ချောမွေ့စွာဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)